ကျွန်တော်ဖြစ်ခဲ့တဲ့ IT လောကက အဖြစ်တစ်ခုကို ရေးလိုက်ပါတယ်။ ကျွန်တော် ကျောင်းပြီးလို့ အလုပ်စလုပ်ကာစက တော်တော် ဒုက္ခရောက်ခဲ့ရပါတယ်။ ကျောင်းကသင်ပေးလိုက်တဲ့ စာတွေကလည်း လက်တွေ့မှာ အသုံးကျတာဆိုလို့ စက်ဖွင့်တာ စက်ပိတ်တာလောက်ဘဲရှိမယ်ထင်တယ်။ ခေါင်းထဲမှာကလည်း ဘာနဲ့မှ ဆက်စပ်ရမှန်းမသိတဲ့ Theory တွေနဲ့ ပြည့်လို့ပေါ့။ အလုပ်စလုပ်ကာစဆိုတော့ သိချင်နေတာတွေကလည်း အများကြီး။ Computer တွေကို network ချိတ်ဖို့ ကြိုးတပ်ပြီး IP ပေးရုံနဲ့ ရရောလား။ workgroup name တွေပါ တူမှ computer တစ်လုံးနဲ့ တစ်လုံး အချိတ်အဆက်ရှိမှာလား။ Motherboard တစ်လုံးမှာ ဘာ CPU ကိုတပ်နိုင်တယ်ဆိုတာကို ဘယ်လိုသိမှာလဲ။ Wirless Router တစ်လုံးကို ဘယ်လို Configure ချရမှာလဲ စတာ စတာတွေ စုံလို့ပေါ့။ သိဖို့ တော်တော်လည်း စိတ်အားထက်သန်နေတဲ့ အချိန်လေ။ အလုပ်ကို ပထမဆုံးအကြိမ် စသွားတော့ ငါတော်တော် ပညာရတော့မှာဘဲပေါ့။ ရောက်ပြီး ၁ ပတ်လောက် ကြာတော့ ပညာတော့ ရသွားတယ်။ထင်ထားတဲ့ ပညာတော့မဟုတ်ဘူး။IT လောကကိုလည်း တော်တော် စိတ်ကုန်သွားတယ်။ ကျောင်းတက်တုန်းက “မင်း ကျောင်းပြီးရင် ဘာလုပ်မှာလဲ” မေးရင် ကွမ်းယာဆိုင်ဖွင့်မှာပေါ့ နောက်ခဲ့သလို ကွမ်းယာဆိုင်ဘဲ ဖွင့်ရင် ကောင်းတော့မလားလို့တောင် တွေးမိတယ်။ ဘာလို့လဲ ဆိုတော့ ဒီလို။
ကျွန်တော် IT လောကမှာ ပထမဆုံးစတွေ့တဲ့ လူအချို့က တော်တော်ကို လျှိုနိုင်လွန်းကြတယ်။ (နောက်ပိုင်းမှာလည်း တချို့တလေကိုတော့ တွေ့ရပါတယ်)။ကျွန်တော်ဘဲ ကံမကောင်းတာလားတော့မသိဘူး။ ရောက်ကာ စတုန်းကတော့ သူတို့လုပ်နေတဲ့အလုပ်မှာ ကိုယ်တစ်ခုခု မသိရင် မေးတာပေါ့။ ဘာဖြစ်လို့ အဲ့ဒီလို လုပ်တာလဲဆိုပြီး။သူတို့က နောက်ကျမှ ပြောမယ်။မင်း လုပ်စရာရှိတာဘဲ ပြီးအောင်လုပ်ပါ လို့ဘဲပြောတယ်။ အစကတော့ နောက်ကျရင်တော့ ပြောမှာပါလေဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ သူတို့ ခိုင်းတာကို မငြီးမငြူ လုပ်ပေးတာပေါ့။ တဖြည်းဖြည်းနဲ့သိလာတာက “နောက်ကျမှဆိုတာ” က ဘယ်တော့မှ မဖြစ်လာနိုင်ဘူးဆိုတာဘဲ။ အဲ့ဒီလို တစ်ခုမေးတိုင်း နောက်ကျမှ ပြောမယ်။ နောက်ကျမှ ပြောမယ်ဆိုတာချည်းဘဲ ပြောလာတော့ မေးချင်စိတ်တောင် မရှိတော့ဘူး။မေးဖို့ကိုတောင် ရှက်လာတယ်။တနေ့တနေ့ software installation၊ ပစ္စည်းတင် ပစ္စည်းချ တွေလောက်ဘဲ လုပ်ခိုင်းတယ်။ တခြား သိချင်လို့ မေးရင်လည်း မပြောချင်သလို မပြောချင်သလိုလို (ပြောချင်သလို မပြောချင်သလိုတောင် မဟုတ်ဘူး)
တခါတလေ ကိုယ်မကြုံဘူးတာ လုပ်တာမို့လို့ အမှားဖြစ်သွားရင်လည်း မင်းဒါလေးတောင် မလုပ်တတ်ဘူးလား။ Certifcate တွေ အများကြီးရှိပြီး အသုံးကို မကျဘူးဆိုပြီး ပြောပြန်ရော။အဲ့ဒီတုန်းကတော့ တော်တော်ကို ဒေါသထွက်ပြီး ချက်ချင်း အလုပ်က ကောက်ထွက်သွားချင်တာ။ကိုယ့်ကို အဲ့ဒီလို ပြောတာ ဘယ်သူမှ မရှိခဲ့ဘူးလေ။ကိုယ်လည်း ဘယ်သူ့ကိုမှ ပညာနဲ့ ပတ်သတ်ပြီး မလှောင်ဘူး။ ကိုယ့်ကိုလှောင်ရင်လည်း မကြိုက်ဘူး။ဒါပေမယ့် ကိုယ့်ကိုများ တခုခုများ သင်ပေးလေမလားဆိုတဲ့ မျော်လင့်ချက်တစ်ခုတည်းနဲ့ သည်းခံပြီး နေခဲ့ပါတယ်။ အချိန်တွေကြာလာတော့ ဒီမှာ ဆက်နေရင် ဘာမှ မထူးဘူးဆိုပြီး ထွက်ခဲ့ပါတယ်။ (ထို Company က တချို့ လူတွေကျတော့ နားလည်ပေးပါတယ်)
အဲ့ဒီနောက်မှာ တခြား company တွေရောက်ခဲ့ပါတယ်။ တခြား company မှာလည်း ကိုယ်မေးချင်တာကို ဇွတ်ဆက်ပြီး မမေးရဲတော့ပါဘူး။ မျက်နှာရိပ် မျက်နှာကဲကိုကြည့်ပြီးမှဘဲ မေးရဲပါတော့တယ်။
ကျွန်တော့်မှာ ခက်နေတာက လူတွေကို မရောတတ်ဘူး။ ခင်သွားမှသာ ခင်ခင်မင်မင်နေတာ။ မခင်ဘူးဆိုရင် ခင်အောင်လို့လည်း မလုပ်တတ်ဘူး။မဖားတတ်ဘူးပေါ့။ကျွန်တော့်ကို ပြန်မပြောကြဘူးဆိုတာကလည်း အဲ့ဒီလို ကျွန်တော့် အားနည်းချက် တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်မေးရင်း စာဖတ်ရင်းနဲ့ IT အကြောင်းကို သာမာန် level လောက်တော့ နားလည်နေပါပြီ။ စာဖတ်ရင်း သိတာက ပိုများမယ်ထင်ပါတယ်။
IT လောကမှာ လုပ်တာ နည်းနည်းကြာလာပြီး ကိုယ်အရင်ကလိုမျိုး IT လောကကို ခုမှ စ၀င်လာတဲ့ လူတွေကိုတွေ့တော့ သူတို့လည်း ကိုယ်တုန်းကလို ကိုယ့်လိုသိချင်မှာဘဲဆိုပြီး သူတို့ သိချင်တာတွေ၊ ကိုယ်သိချင်ခဲ့တဲ့ အကြောင်းအရာတွေကို Share လုပ်ခဲ့ပါတယ်။ အချိန်ရရင် ရသလို အချိန်တချိန်ကို သတ်မှတ်ပြီး ကြိုးစား Share လုပ်ခဲ့ပါတယ်။ ကိုယ် စကြုံခဲ့သလိုမျိုး မကြုံစေချင်တဲ့ စေတနာနဲ့ပါ။ ဒါပေမယ့်ဗျ။ တချို့က အဲ့ဒီလို မထင်ဘူး။ ကျွန်တော် အရမ်း အားနေလို့၊ ဆရာကြီးသိပ်လုပ်ချင်လို့ သင်နေတာလို့ ထင်ကြတယ်ဗျ။ အဲ့ဒါကိုသိတော့ ကျွန်တော် တော်တော် ၀မ်းနည်းသွားတယ်။ကိုယ့်ကိုကိုဘဲ အပြစ်တင်မိပါတော့တယ်။ လူတိုင်း ငါ့လိုချည်း မဟုတ်ကြပါလားဆိုပြီး သိသွားခဲ့တာပေါ့။ ကျွန်တော့်တုန်းကဆို ကျွန်တော်လိုမျိုး ပြောပြပေးမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုရင် တော်တော်ကို ကျေးဇူးတင်မဆုံးဖြစ်မှာ။ နောက်ပိုင်းကျတော့ စာရှင်းပြတဲ့ အလုပ်ကို အလကားနေရင်း မလုပ်ရဲတော့ပါဘူး။ တကယ်သိချင်တဲ့သူမှသာ ပြောပြရဲပါတော့တယ်။
Post တွေကြာနေတာက စာပါရင် ပြီးရောဆိုပြီး မဖြစ်ချင်လို့ အချိန်ယူပြီး ရေးနေတာလည်းပါပါတယ်။ ရေးရမှာ ပျင်းတာကလည်း တစ်ကြောင်းပေါ့။လူတစ်ယောက်ကို စာရှင်းပြရင် နှစ်နည်းနဲ့ ရှင်းပြနိုင်တယ် လို့ ကျွန်တော်ထင်တယ်။တကယ်သိအောင် ရှင်းပြတာနဲ့။ ငါဘယ်လောက်သိလည်းဆိုတာကိုဘဲ အဓိကထားပြီး ရှင်းပြတာ။ ကျွန်တော့် Post တွေကို ဖတ်ကြည့်ရင် သိမှာပါ။ တကယ်သိအောင် ရှင်းပြတဲ့ နည်းကိုဘဲ ကြိုးစားပြီး သုံးထားတယ်ဆိုတာ။ လူရှိန်အောင်လို့ သာမာန် user မသိနိုင်တဲ့ အမြင့်ကြီးတွေ မသုံးထားပါဘူး။ (ကျွန်တော်လည်း မသိတာ ပါတာပေါ့လေ J )သာမာန် user ရော၊ Advance user ပါ ကြည့်ရင် နားလည်နိုင်အောင်လို့ပါ။ ကိုယ့်ကိုကို အမွှန်းတင်တာတွေလည်း များသွားပြီဆိုတော့ တော်လောက်ပါပြီ။ J
နောက်ဆုံးပြောချင်တာက IT လောကကို စ၀င်လာတဲ့ ကျွန်တော့်လိုလူမျိုးတွေကို ကျွန်တော်လို မကြုံရအောင် ၀ိုင်းပြီး ကူညီပေးကြပါလို့ တောင်းဆိုလိုပါတယ်။ သူတို့ မသိတာ တစ်ခုကို ပြောပြလိုက်တာဟာ ကိုယ့်အတွက်ဘာမှ မဟုတ်ပေမယ့် သူတို့အတွက်တော့ အတိုင်းအတာ တစ်ခုထိ အကျိုးဖြစ်သွားမှာ သေချာပါတယ်။